Get Mystery Box with random crypto!

တော်လှန်ရေးပြီးရင် ဒီလိုဘဝကြီးကို စွန့်ခွါတော့မယ်လို့ စဉ်းစားထ | ပန်ဆယ်လို

တော်လှန်ရေးပြီးရင် ဒီလိုဘဝကြီးကို စွန့်ခွါတော့မယ်လို့ စဉ်းစားထားတဲ့ စဉ်းစားချက်က အခုကိစ္စမှာ ပိုပြီးခိုင်မာလာတယ်။ ဘဝဆိုတာ ဘာဖြစ်မယ်မှန်းမသိတော့ အတိအကျတော့ မပြောနိုင်ဘူးပေါ့လေ။ တော်လှန်ရေး အောင်မြင်တဲ့နေ့အထိတော့ ဘာပဲကြုံကြုံ ပါဝင်နေမှာပါပဲ။ အဆုံးထိဆိုတဲ့စကားကို အလွယ်လေး ပြောခဲ့ကြတာမှ မဟုတ်တာ။

ငါဖော်ချလိုက်ရမလားဆိုတဲ့ ခြိမ်းခြောက်မှုတွေ နှစ်ချီရခဲ့တဲ့ မျက်နှာဖုံးနဲ့ သူတစ်ယောက်အဖြစ် ဘဝမှာဖြတ်သန်းခဲ့ဖူးပြီးတဲ့နောက် ကိုယ်ဘယ်သူဘယ်ဝါပါ ဖော်ပြလိုက်ပြီးရင် ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း ခါးစည်းရင်ဆိုင်ခဲ့တယ်။ သုံးနှစ်လောက် တစ်ပတ်မပြတ် တရားရုံးတက်ပြီး ထောင်နှုတ်ခမ်းနင်းခဲ့တယ်။ နောက်ဆုံးတော့ တည်ဆောက်ခဲ့သမျှ အိုးအိမ်၊ လုပ်ငန်းအားလုံးဆုံးရှုံးပြီး နိုင်ငံလက်မဲ့ဖြစ်ခဲ့တယ်။

ဘဝမှာ ဖုံးကွယ်ထားရတာကို သိပ်မုန်းခဲ့တာ။ ငါ ဘာမဟုတ်တာ လုပ်လို့ ဖုံးကွယ်ထားရမလဲဆိုတဲ့ မာန၊ ဒါ့အပြင် ဘာကောင်မှန်းမသိတဲ့လူတစ်ယောက်က ငါဖော်ချလိုက်ရမလားဆိုတဲ့ ခြိမ်းခြောက်မှု။ ဒါတွေကို မုန်းတီးလွန်းလို့ ဘာလျှို့ဝှက်ချက်မှ မရှိ နေထိုင်ခဲ့တယ်။

အခုကိစ္စမှာလည်း နောင်တဆိုလို့ တစ်စက်လေးမှ မရှိပါဘူး။ အောင်မြင်စွာ တောင့်ခံဖြတ်သန်းနိုင်လိုက်ပြီလို့ပဲ ခံယူလိုက်ပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေထဲက တစ်ယောက်လေးစီကမှာ မယုံကြည်တဲ့စကား မကြားရဘဲ တော်လှန်ရေးမှ လုံးဝမပါဝင်ခဲ့တဲ့၊ ဆဲစရာရှိမှ ပေါ်ပေါ်လာတဲ့ လူအုပ်ရဲ့ အဆဲအဆိုလောက်က ကိုယ့်အတွက် ခွကျော်ဖို့ နည်းနည်းအားထုတ်လိုက်ရတဲ့ ကမူလေးတစ်ခုလောက်ပါပဲ။

US မှာ မိသားစုလိုက်ကြီး အသက်ရှင်ရပ်တည်ဖို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အလုပ်မလုပ်ဘဲ ရပ်တည်လို့ရတဲ့နည်းလမ်းလည်း ရှိပါတယ်။ တော်လှန်ရေးအတွက် အလုပ်မလုပ်ဘဲ ပေးဆပ်နေပါတယ်လို့ မျက်ရည်ချူပြီး အလှူငွေထဲက ထိုင်သုံးနေဖို့ပါပဲ။ တစ်ပတ်တစ်ရက်လောက် အောက်ခြေအလုပ်လေး လုပ်ပြပြီး ဓါတ်ပုံရိုက်တင်လိုက်ရင် လူတွေသနားပြီး မျက်ရည်တွေလည် မုန့်ဖိုးတွေ လွှဲပေးကြမှာပါ။

ကျွန်မအနေနဲ့ စစ်တပ်ကဖြစ်စေချင်တဲ့ ဘဝပျက်သွားပြီဆိုတဲ့ကိစ္စမျိုး ဖြစ်ခွင့်မပေးနိုင်ပါဘူး။ တော်လှန်ရေးအတွက် လူချစ်ခင်ယုံကြည်မှုနဲ့ ရံပုံငွေ ဒေါ်လာရှစ်သန်းကျော် ရှာပေးနိုင်ခဲ့သလို ကိုယ့်ရဲ့ သမ္မာအာဇီဝစီးပွါးရေးကို ချစ်ခင်မှုနဲ့ အားပေးခြင်းကိုလည်း ကျွန်မရပိုင်ခွင့်လို့ ပြောင်ပြောင်တင်းတင်း ခံယူပါတယ်။

အူမတောင့်မှ သီလစောင့်နိုင်ကြတာပါ။ ကိုယ့်အူမတောင့်မှ တော်လှန်ရေးအတွက် ရိုးသားနိုင်မှာမို့ အူမတောင့်ဖို့ အလုပ်လုပ်ခြင်းကိုလည်း အပြစ်ရှိတယ်လို့လည်း တစ်စက်လေးမှ မမြင်ပါဘူး။ လူဆိုတာ ကိုယ့်ရင်ဆိုင်ရမှု ကိုယ်အသိကြဆုံးပါပဲ။ အတိုက်အခိုက်တွေ ကြားထဲကမို့ ပိုကြိုးစားသွားဖို့ တွန်းအားရတယ်ပဲ ခံယူပါတယ်။

အခုလိုကာလမှာ မက်ဆေ့ချ်တွေပို့ကြ၊ အားပေးကြတဲ့ သူတွေ၊ အရင်ကတော့ နောက်လမ်းကြုံမှပဲ သွားမလို့၊ အခုကတော့ အားငယ်နေမှာစိုးလို့ဆိုပြီး ခရီးဝေးကြီးမောင်းပြီး ဆိုင်အထိ လူစုလာအားပေးကြတဲ့ သူတွေ။ အဝေးကြီးကမို့ အွန်လိုင်းက မှာယူကြသူတွေ။ အမုန်းတရားတွေကို ရင်ဖွင့်ခံယူသလို ချစ်ခြင်းမေတ္တာတွေကိုလည်း အကြားအလပ်မရှိ ရရှိပါတယ်။

ဒါပေမယ့် အမြဲမျက်လုံးဒေါက်ထောက် အပြစ်ပြောခံရတဲ့ဘဝ၊ ဘယ်လောက် ကြိုးစားခဲ့ ကြိုးစားပေးခဲ့ အကောင်းပြောမခံရတဲ့ဘဝ။ လွတ်လပ်တဲ့သာမန်လူတစ်ယောက်လို နေထိုင်ခွင့်မရတဲ့ ဘဝ။ ဒီဘဝ ဒီကျော်ကြားမှုကိုလည်း ငြီးငွေ့ပျင်းရိ စိတ်ပျက်လွန်းလှပါပြီ။

တော်လှန်ရေး အောင်ချင်တယ်။ အောင်မှ ဖြစ်မယ်။ အောင်ချင်ရတဲ့ အကြောင်းအရင်းတွေ များစွာရှိပေမယ့် အဲ့ထဲက ကိုယ့်အတ္တအတွက် လိုချင်တာက တစ်ခုပဲ ရှိပါတယ်။ သာမန်ဘဝကို ပြန်သွားချင်လို့ပါ။

အခုကတော့ ဆက်အားတင်းပါမယ်။ ဆက်လျှောက်ပါမယ်။ ကိုယ်ရပ်လိုက်ရင် ကိုယ့်Hater တွေထက်ပျော်မှာက စစ်ခွေးတွေပဲ။ Hater တွေအတွက်တော့ စိတ်မကောင်းပါဘူး။ စစ်ခွေးတွေ ခင်းတဲ့လမ်းကို ဘယ်တော့မှ မလျှောက်နိုင်လို့ပါ။

စာရင်းစစ်ချင်သူတွေလည်း လမ်းဖွင့်ပေးထားပါတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ယုံကြည်ပေးကြသူတွေအတွက်လည်း ဆတိုးနဲ့ ပိုကြိုးစားပါ့မယ်။

သွေးအေးသွားရင် ခွင့်မလွှတ်ကြေးမဟုတ်လား။