Get Mystery Box with random crypto!

USA မှာ အလုပ်အကြောင်းရေးတော့ အလုပ်မလုပ်ဘဲနေလို့ရလားလို့ မေးလာရ | ပန်ဆယ်လို

USA မှာ အလုပ်အကြောင်းရေးတော့ အလုပ်မလုပ်ဘဲနေလို့ရလားလို့ မေးလာရင် ရတယ်လို့ပဲ ဖြေရမှာပါပဲ။

ချွင်းချက်ရှိပါတယ်။ ဝမ်းဝရုံလောက်နဲ့ ကျေနပ်တင်းတိမ်ရင် ရပါတယ်ပေါ့။ တိုးတက်ရာ တိုးတက်ကြောင်း မစဉ်းစားဘဲ နေနိုင်ရင် ရပါတယ်ပေါ့။

USမှာက ကြိုးစားရင် ကြိုးစားသလို ဖြစ်လာနိုင်ချေတွေ ရှိသလို လမ်းဘေးရောက်နေတဲ့သူတွေလည်း အများကြီးပါ။ ကိုယ်ဘယ်လို နေထိုင်ရှင်သန်မလဲဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။

ဝင်ငွေမရှိသူ၊ ဝင်ငွေနည်းသူတွေအတွက် အစိုးရက ကျန်းမာရေးအာမခံ အလကားပေးပါတယ်။ အစားအသောက်အတွက် Food Stamp တစ်လကို $300 လောက် ပေးပါတယ်။ အိမ်လခမရှိရင် အလုပ်မရှိဘူးဆိုပြီး မပေးဘဲနေရင်လည်း အိမ်ရှင်က နှင်ချဖို့ခက်ပါတယ်။ အစိုးရဆီက ငွေအလကားရဖို့လည်း Cash ဘာဆိုလားပဲ၊ အဲ့ Program တစ်ခု လျှောက်လို့ရပါသေးတယ်။ Homeless ဖြစ်နေပါတယ်ဆိုရင် Shelter မှာ သွားနေလို့ရပါတယ်။ ကျန်းမာရေးအကြောင်းပြနိုင်ရင် Disable ပါ အလုပ်မလုပ်နိုင်ပါဘူးဆိုရင် အခြားအခွင့်အရေးတွေလည်း အများကြီး ရနိုင်ပါသေးတယ်။ မီတာခ၊ ရေဖိုး၊ မီးဖိုး သက်သာခွင့်တွေလည်း လျှောက်လို့ရပါသေးတယ်။ Market တွေမှာ ဆင်းရဲသူတွေကို အစားအသောက်အလကားဝေရင် အလကားသွားယူလို့ရပါတယ်။

ဒါဆို လူတိုင်းအလကားနေကြလားဆိုတော့ လူတိုင်း အလကားမနေပါဘူး။ ဝင်ငွေမရှိရင် လူမယုံကြည်ပါဘူး။ Credit Score မတက်ပါဘူး။ Credit Card မပေးပါဘူး။ အိမ်ငှါးမရပါဘူး။ အကြွေးနဲ့ ကားဝယ်မရပါဘူး။ အကြွေးနဲ့ အိမ်ဝယ်မရပါဘူး။ အတိုပြောရရင် ထမင်းစားနေရမယ်၊ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။

အလုပ်လေး နည်းနည်းပါးပါးပဲ လုပ်မယ်၊ တစ်ပတ်မှာ နှစ်ရက်လောက် အလုပ်လုပ်မယ်။ အလကားပေးတဲ့ အခွင့်အရေးမှန်သမျှ အကုန်ယူမယ်။ ဒီလိုရပ်တည်ကြသူတွေလည်း ရှိပါတယ်။

US ဟာ ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။ ကိုယ့်ရဲ့ အိုဇာတာအတွက်ပါ ကြိုတင်စီမံနိုင်တဲ့ နိုင်ငံမျိုးပါ။ အလုပ်များများလုပ်၊ အခွန်များများဆောင်ထားနိုင်ရင် အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ရင် အစိုးရက လူတန်းစေ့ရှင်သန်နိုင်တဲ့ ပင်စင်လစာမျိုးနဲ့ သေတဲ့အထိ ပေးသွားပါတယ်။ အလုပ်မလုပ်ခဲ့ အခွန်မဆောင်ခဲ့ရင်လည်း အနိမ့်ဆုံးပင်စင်လစာနဲ့ လူတန်းမစေ့ ငတ်မသေရုံလောက်တော့ သေသည်အထိ ကျွေးသွားပါတယ်။

ကိုယ်လည်း အလုပ်မလုပ်ဘဲနေချင်ရင်ရလားဆို ရပါတယ်။ ကိုယ်ဆိုရင် အပေါ်က ပြောသွားတဲ့ အလကားပေးတဲ့ အခွင့်အရေးတွေအပြင် ဒီမိုကရေစီဆုရှင်ပါ၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ဘယ်လိုလှုပ်ရှားနေပါတယ်လို့ ပြပြီး ဂရန့်တွေလျှောက်ပြီး ထိုင်စားနေလို့ရပါတယ်။

ဒါပေမယ့် ကိုယ်ကတော့ ဒီဘဝကို မရွေးချယ်ပါဘူး။ ကိုယ့်မှာ ဒီကောင်တွေ ဘဝပျက်စေချင်သလို မပျက်စီးသွားဘူး၊ ပိုမိုကောင်းမွန်စွာ အသက်ရှင်ရပ်တည်နိုင်တယ်ဆိုတာကို ပြသရမယ့် တာဝန်ကြီး ရှိပါသေးတယ်။ ဒါ့ကြောင့် ရေကုန်ရေခမ်း အလုပ်လုပ်မှာပါ။ နားချိန်၊ အိပ်ချိန်ကနေ ဖဲ့ယူပြီး တော်လှန်ရေးအတွက်လည်း သွေးမအေးစတမ်း ပါဝင်မှာပါ။

ကိုယ်တို့ ယုံကြည်မျှော်လင့်နေကြတဲ့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ဆိုတာက USမှာ ပြည်သူကို ပေးထားတဲ့ တန်းတူညီမျှ အခွင့်အရေးတွေ၊ စနစ်ကောင်းတွေ။ ဒါမျိုးကို ဖန်တီးယူနိုင်ဖို့ အခွင့်အလမ်းရှိတဲ့ စစ်အာဏာရူးတစ်ကောင်မှ မကျန်နိုင်တဲ့ ဒင်ပြည့်ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံပါ။

US မှာ တစ်ကိုယ်စာ ဒီမိုကရေစီရနေပေမယ့် စစ်ဖိနပ်အောက်က ကိုယ့်နိုင်ငံနဲ့ ဒီပြည်သူတွေကို တစ်ရက်လေးမှ မမေ့ပါဘူး။ ဒီစနစ်ကောင်းတွေကို အနီးကပ်တွေ့မြင်ရတဲ့အတွက် ကိုယ့်နိုင်ငံ လွတ်မြောက်ဖို့ ပိုပြီးဆန္ဒပြင်းပြပါတယ်။

ကိုယ့်မြေကိုယ့်ရေကို ပြန်ကို ပြန်လာနိုင်ဦးမှာဆိုတဲ့ ယုံကြည်ချက်ကလည်း တစ်ချက်လေးမှကို ပျက်မသွားခဲ့ဘူး။ စစ်ဖိနပ်အောက် ဒူးထောက်တိုးဝင်မှ ပြန်ရမယ်ဆို ဒီနိုင်ငံနဲ့ သေခန်းပြတ်ပြီပဲ။

တစ်နေ့ကျရင် ခေါင်းမော့ရင်ကော့ပြီး အဲ့ဒီ့မြေကို ပြန်နင်းကို နင်းမှာ။