Get Mystery Box with random crypto!

ဇာတာစန်းလာဘ်လေးများ တက်ပြီထင်ရဲ့လေ။ ရင်ထဲက ဆန္ဒလေးတစ်ခု တစ်ဝက် | ပန်ဆယ်လို

ဇာတာစန်းလာဘ်လေးများ တက်ပြီထင်ရဲ့လေ။ ရင်ထဲက ဆန္ဒလေးတစ်ခု တစ်ဝက်ပြည့်ပြီမို့ ထောက်ပို့ပြည်သူတွေဆီ ခွင့်တောင်းရပေဦးမည်။

အမိမြေအတွက် တစ်ရက်စာProject ရရှိငွေထဲက သိန်းငါးရာကို Federal Wings ဒရုန်းတပ်ဖွဲ့ကို ထောက်ပို့ပြီး Certificate ကို ထောက်ပို့ပြည်သူတို့သိအောင် တင်ပြထားပြီးပါပြီ။ ကိုယ်က ထောက်ပို့ခြင်းဖြစ်ပြီး မဲလက်မှတ်ဝယ်ခြင်း မဟုတ်ပါ။ ဒါပေမယ့် Federal Wings ကလည်း Project ရက် ဖြစ်လေတော့ သိန်းငါးရာစာ လက်မှတ်တွေ ဖြတ်ပေးထားလေရဲ့တဲ့။

မနေ့ညက ကံစမ်းမဲဖွင့်ချိန်မှာ အထူးဆုဖြစ်တဲ့ အမေစုဝတ်ဆင်ခဲ့တဲ့ ဖိနပ်လေးကို မဲပေါက်ပါတယ်လို့ အကြောင်းကြားလာပါတယ်။ ဒါတင်ပဲလားဆိုတော့ မကြုံဖူး၊ အဖြစ်ထူးတာက အထူးဆုအပြင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု လေးဆုလုံးရော အထူးဆုရော ငါးဆုလုံး ကိုယ့်ရဲ့လက်မှတ်တွေထဲကပဲ ကံထူးပါတယ်တဲ့။

တကယ်တမ်းစဉ်းစားကြည့်ပြန်တော့ ကံထူးရှင် မပန်ဆယ်လို ဆိုပေမယ့် ဒီငွေသိန်းငါးရာက အမိမြေအတွက်တစ်ရက်စာ Project မှာ ပါဝင်ထောက်ပို့ထားတဲ့ ပြည်သူတွေရဲ့ ငွေဖြစ်ပြန်တော့ ထောက်ပို့ပြည်သူတွေ အားလုံးရဲ့ ကံထူးမှုဖြစ်သလို အသိပေးဖို့၊ ခွင့်တောင်းဖို့ လိုအပ်ပါတယ်။

ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု လေးဆုလုံးရဲ့ ရတနာပစ္စည်းလေးတွေကိုတော့ ပြန်လည်ရောင်းချပြီး တော်လှန်ရေးအတွက် ထပ်မံထောက်ပို့သွားမယ်လို့ စဉ်းစားထားပါတယ်။

တစ်ခု ခွင့်တောင်းချင်တာ ရှိပါတယ်။ အာဏာမသိမ်းခင်က ကျွန်မမှာ အမေစုဆီက လက်ဆောင်ရရှိထားတဲ့ အမှတ်တရပစ္စည်းလေးတွေ အချို့ ရှိပါတယ်။ အာဏာသိမ်းချိန်မှာ ဒီအတိုင်း လွတ်အောင်ရှောင်တိမ်းခဲ့ရတာကြောင့် ဒီပစ္စည်းလေးတွေ ကျွန်မဆီမှာ ဆက်လက်ပိုင်ဆိုင်ခွင့် မရှိတော့ပါ။ တော်လှန်ရေးကာလမှာ အမေ့ပစ္စည်းလေးတွေ Fundraising Project တွေ အနေနဲ့ ကျွန်မဆီကို ပုံစံမျိုးစုံနဲ့ ရောက်လာပေမယ့် ကျွန်မပိုင်ဆိုင်ခွင့်မရှိတာမို့ မြင်ရုံနဲ့ ကျေနပ်ခဲ့ရတာချည်းပါပဲ။

အခု မဲပေါက်တဲ့ ဒီအမေ့ဖိနပ်လေးကိုတော့ ထောက်ပို့ပြည်သူများအနေနဲ့ ကျွန်မကို လက်ဆောင်ပေးလို့ ရနိုင်မလားရှင်။ ကျွန်မအိမ်မှာ မှန်ပုံးလေးနဲ့ ကျကျနန မှန်ဘောင်သွင်းပြီး တန်ဖိုးထားချင်ပါတယ်။ ပြီးတော့ စိတ်ဓါတ်ကျချိန်တိုင်း အမေလှမ်းခဲ့ခြေလှမ်းတွေအကြောင်း ဒီဖိနပ်လေးကိုကြည့်ပြီး အားယူချင်ပါတယ်။

သဘောတူမတူနဲ့ အကြံဥာဏ်လေးတွေများရှိရင်လည်း ကောမန့်မှာ ပြောသွားလို့ရပါတယ်။ သဘောတူတဲ့ ကောမန့်တွေ များတယ်ဆိုရင်တော့ ဒီဖိနပ်လေးကို ကျွန်မ ထိန်းသိမ်းထားခွင့်ရပြီလို့ ယူဆလိုက်ပါတော့မယ်။

ဒီဖိနပ်လေးဆီက အမေလှမ်းခဲ့တဲ့ ခြေလှမ်းတွေဆီက ခိုင်မာမှုတွေ စိတ်ဓါတ်ခွန်အားတွေ ကူးဆက်ယူချင်ပါသေးတယ်။